ကျောက်ကပ်တွင် ကျောက်တည်ခြင်း အစပြုရာ
ကျောက်ကပ်မှာ ကျောက်တည်လို့ ကုလိုက်ရတယ်၊ ခွဲစိတ်လိုက်ရတယ်ဆိုတာမျိုး အရပ်ထဲမှာ ကြားဖူးကြမယ်ထင်ပါရဲ့။ ဒါကြောင့် လူတိုင်းကလည်း ကျောက်ကပ် ကျောက်တည်မှာကို သိပ်စိုးထိတ်တတ်ကြတယ်မဟုတ်လား။
ဒါပေမယ့် ကျောက်ကပ်မှာ ကျောက်တည်ခြင်းဟာ ကျောက်ကပ် ပိုးဝင်ယောင်ယမ်းခြင်းနဲ့ ပြည်တည်ယောင်ယမ်းခြင်းတွေကိုပါ ဆက်လက်ဖြစ်ပွားစေတယ်ဆိုတာကိုတော့ လူသိနည်းကြပါတယ်။
ကျောက်ကပ် ကျောက်တည်ခြင်းဟာ Calcium နဲ့ Vitamin C လွန်ကဲမှုကနေစတင်လေ့ရှိပါတယ်။
- အဝလွန်တာ၊
- ဆီးချိုရောဂါရှိနေတာ၊
- အဆစ်ရောင်ဂေါက်ရောဂါ ရှိနေတာ၊
- အသားအစားများ၍ ဟင်းသီးဟင်းရွက်အစားနည်းတာ၊
- ရေရှည် ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊
- Calcium နဲ့ Vitamin C အားဆေးများ အလွန်အကျွံသောက်သုံးတာတွေကြောင့် ကျောက်ကပ်မှာ ကျောက်တည်တတ်ပါတယ်။
အထက်ပါအကြောင်းပြချက်တွေကြောင့် ခန္ဓာကိုယ်မှ စွန့်ထုတ်ရမယ့် ကယ်လ်စီယမ်၊ ယူရစ်အက်စစ်၊ စစ်စတင်း၊ မဂ္ဂနီဆီယမ် စတဲ့ ပိုလျှံတဲ့ဓာတ်တွေဟာ ဆီးအဖြစ် ဖြတ်သန်းစွန့်ပစ်ရတဲ့ လမ်းကြောင်းတစ်လျှောက်က ( ကျောက်ကပ်၊ ဆီးအိမ် စသည်တွေ) မှာ အစိုင်အခဲမှသည် ကျောက်တည်သည်အထိ ဖြစ်တည်သွားလေ့ရှိပါတယ်။
ဒါကို ကျောက်ကပ် ကျောက်တည်တယ်လို့ ခေါ်ကြတာပါ။ ဒီလိုမျိုးနဲ့ တည်နေတဲ့ကျောက် အရွယ်အစား ကြီးလာလေ ဆီးလမ်းကြောင်းပိတ်ဆို့လေဖြစ်လေ့ရှိပြီးတော့ ပိုးဝင်ယောင်ယမ်းတာ၊ ပြည်တည်နာဖြစ်တာတွေပါ ဆက်လက်ခံစားရကာ ဆီးစွန့်ထုတ်ခြင်းလုပ်ငန်းဆောင်တာတွေပါ ထိခိုက်ရပါတော့တယ်။
ခုလိုမျိုး ကျောက်ကပ် ကျောက်တည်ပြီဖြစ်ဆို အောက်ပါလက္ခဏာတွေ ပြသနိုင်ပါတယ်။
- နောက်ကျော၊ ခါးစောင်း၊ ဝမ်းဗိုက်အောက်ဘက်၊ ပေါင်ခြံနေရာတွေမှာ အောင့်ခြင်း
- ဆီးသွားရခက်ခြင်း၊ ဆီးပူလွန်းခြင်း၊ ဆီးသွားလျှင် အောင့်ခြင်း၊ ဆီးမကြာခဏသွားခြင်း
- ဆီးအရောင်ရင့်ခြင်း၊ သွေးစများပါခြင်း
- မူးဝေပျို့အန်ခြင်း
- ဖျားခြင်း၊ ချမ်းတုန်ခြင်း
- အမျိုးသားများ လိင်တံထိပ်၌နာခြင်း စတဲ့ လက္ခဏာတွေ ခံစားရလေ့ရှိတာပါ။
ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်မှာ ကျောက်တည်ခြင်းမှ ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတွေကတော့
- ရေများများသောက်ပေးတာ၊
- ဟင်းသီးဟင်းရွက်များများစားပေးတာ၊
- အားဆေးများ လိုအပ်သည့်ပမာဏအတိုင်းသာ ချင့်ချိန်သောက်သုံးတာ စတာတွေပါပဲ။
ကျောက်တည်နေပြီလို့ သံသယရှိစရာ လက္ခဏာတွေ ကြုံတွေ့ရပြီဆိုရင်တော့ ဆီးနဲ့ကျောက်ကပ်ဆိုင်ရာ သမားတော်များ၊ ခွဲစိတ်အထူးကုများနဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူဖို့ တိုက်တွန်းပါရစေ။
Dr. May Myat Tun